Thursday, 23 February 2012

ကျွန်မ၏ကဗျာဆရာနှင့်တွေ့ဆုံခြင်း.....




တပို့တွဲလဆုတ်မတိုင်ခင် ညတစ်ညရဲ့သယ်ဆောင်လာတဲ့လေပြေဟာ တိုးတိတ်အေးချမ်းနေတယ်....။ ရင်ပြင်ပေါ်က ရောင်စုံမီးအလင်းရောင်နဲ့ မီးမောင်ထိုးခံထားရတဲ့စေတီကိုယ်ထည်ပေါ်က ရွှေရောင်တွေကြောင့်
ကောင်းကင်ကနက်ပြာရောင်ဖျော့တော့နေခဲ့တယ်...။ မှုန်ပြပြကြယ်ကလေးတွေကိုလဲ ဟိုတစဒီတစပဲတွေ့ရတယ်....။

ဘုရားဖူးလာသူတွေ လူးလားခေါက်ပြန်လျှောက်နေတာကိုကြည့်ရင်း အရံစေတီတွေစောင်းတန်းတွေပေါ်က ရောင်စုံမီးပြိုးပြိုးပြက်ပြက်တွေကို ငေးရင်း စောင့်ဆိုင်းရခြင်းဆိုတဲ့ အာရုံကိုလွဲပြောင်းကြည့်တယ်.....။ လေပြေတွေက ဆံနွယ်ကြားတိုးဝှေ့နေလည်း နဖူးကချွေးတွေစို့နေခဲ့တယ်....။ သော့တွဲလေးကို ကိုင်ဆော့ရင်း လက်ပတ်နာရီကို မသိမသာကြည့်မိတယ်..... တစ်နာရီတိတိအထိစောင့်မယ်လို့ ဆုံးဖြတ်လိုက်တယ်....။ ကြာသပတေးဒေါင့်မှာရှိတဲ့ ကိုယ်တက်လာတဲ့အနောက်မုတ် စက်လှေကားထိပ်ဆီကို ခဏပြန်သွားကြည့်လိုက်သေးတယ်....။ ဘာအရိပ်ယောင်မှမတွေ့ရ....။ (ကိုယ်တက်လာတုန်းကတော့ အဒေါ်ကြီးတွေတဖွ့ဲစက်လှေကားကိုတက်မယ် မတက်ဘူးနဲ့အလုအယက်အကြောက်အကန်ဖြစ်နေကြလို့ အချိန်နောက်ကျနေတာနဲ့ လှေကားကနေပဲလမ်းလျှောက်တက်ခဲ့တာ...)

ခုနှစ်နာရီထိုးနေပြီ..... နာရီဝက်ရှိပြီ...စောင်းတန်းအုတ်ဘောင်ပေါ်မှာမထိုင်တော့ဘဲ အလှူခံမဏ္ဍတ်ရှေ့မှာပဲ ထိုင်နေလိုက်တယ်....။ တခုခုတော့လွဲနေပါပြီ....။ ကိုယ်တို့က အလွဲအချော်ကလေးနဲနဲရှိလိုက်ရမှ တွေ့ဆုံမှုက ပြည့်စုံတာလေ...။ ဆယ့်ငါးမိနစ်လောက် ကိုယ့်မှာ ဟိုဒီငေးလိုက် ဘုရားမီးတွေကိုကြည့်လိုက်နဲ့မူးလာလို့ ကျောက်ပြားတွေကိုပဲ ငုံ့ကြည့်နေတုန်း ဘယ်ဖက်မျက်လုံးဒေါင့်က အရိပ်တစ်ခုကိုဖမ်းလိုက်မိတယ်.....။ သူပဲဆိုတာကို အလိုလိုသိနေတဲ့ စွမ်းအားကလဲ အံ့ဖွယ်ပါပဲ...။ ကိုယ်မော့ကြည့်တော့ ကိုယ်စိတ်ကူးနဲ့ငေးမောခဲ့ဖူးတဲ့ ပျိုမျှစ်တဲ့ အပြုံးနဲ့အတူ သူ့ကိုတွေ့လိုက်တယ်....။ ကိုယ့်စိတ်ကူးထဲကအတိုင်းပဲ ခပ်ကြီးကြီးဘေးလွယ်အိတ်တစ်လုံးကိုသူလွယ်ထားတယ်....။ ကွေးကောက်နေတဲ့ ဆံပင်တွေကိုလေတိုးဝှေ့ခြင်း ခံနေရတယ်...။ “စောင့်နေတာကြာပြီလား”တဲ့ ။ သူက ကိုယ့်ကို မြောက်ဘက်မုတ်မှာသွားစောင့်နေတယ်.....။ အဲလိုလွဲကြတာ....။ နောက်တော့မှ ကြာသပတေးဒေါင့်ကိုသတိရပြီး ပြန်လာရှာတာတဲ့...။ တော်ပါသေးရဲ့......။ နောက်ဆယ်မိနစ်လောက်ဆို ကိုယ်ကထပြန်တော့မှာ.....။ “စောင့်ရလို့ စိတ်တိုနေတာမဟုတ်လား ဟိုးးးကတည်းကလှမ်းမြင်နေရတာ နှုတ်ခမ်းစူနေတယ်”တဲ့သူက အဝေးကတည်းက ကိုယ့်စိတ်ကို လှမ်းဖတ်တတ်နေတာ.....။


သူက သူ့မွေးနံဒေါင့်မှာ ဘုရားကန်တော့ ကိုယ်လဲကိုယ့်မွေးနံဒေါင့်မှာကန်တော့ပြီး..... ကိုယ်တို့ညနေစာ အတူစားဖို့သွားလိုက်တော့တယ်...။ ဗိုက်တော်တော်ဆာနေကြပြီလေ....။ ပန်းအိုးတွေခြံရံထားတဲ့ ဆိုင်အပြင်ဖက်လေးကိုပဲ နေရာရွေးထိုင်လိုက်တယ်...။ စားစရာတွေမှာပြီးတော့ သူ့ဘေးလွယ်အိတ်ကြီးကြီးထဲက လက်ဆောင်ထုပ်တစ်ခု ကိုထုတ်လိုက်တယ်....။





ကိုယ့်အတွက်လက်ဆောင်ဗူးလေးကို သူဖောက်ပေးနေတုန်း သူ့ရဲ့ လက်စွဲတော်ကင်မရာလေးကို သူရိုက်ထားသမျှပုံတွေကို ဇိမ်ပြေနပြေကြည့်နေလိုက်တယ်...။ ကိုယ့်ရဲ့ ကဗျာဆရာက ဓါတ်ပုံဆရာလဲဟုတ်သေးတယ်.....။ ရှုခင်းပုံလေးတွေရိုက်ထားတာသိပ်လှတာပဲ.....။ သူ့ရိုက်ထားတဲ့ နေဝင်ပုံတွေကိုကြည့်ရတာ လွမ်းမောဖွယ်ကောင်းလိုက်တာ.....။ သူဖောက်နေတဲ့ ဗူးသေးသေးလေးထဲကနေ အရုပ်သော့တွဲကလေးနှစ်ခုထွက်လာတယ်.....။ သူပုံလေးရိုက်ပြထားဖူးလို့ အဲဒီသော့ချိပ်လေးကိုမြင်ဖူးထားပေမယ့် ခုမှသာအကောင်ထည်လိုက်မြင်ရကိုင်ကြည့်ရတာ....။ အရုပ်လေးက ချစ်ဖို့ကောင်းတယ်....။ သူ့ကိုပေးဖို့ကိုယ်ဘာလက်ဆောင်မှမပါခဲ့ဘူး.....။ မြင်ရတဲ့ ကိုင်တွယ်လို့ရတဲ့ အရာဝတ္ထုမဟုတ်ပေမယ့် ကိုင်တွယ်လို့မရတဲ့ မမြင်နိုင်တဲ့ဝိညာဉ်တွေနဲ့ ကဗျာဆရာအတွက် သိပ်လှတဲ့ ကဗျာတွေဖန်းဆင်းဖို့ ရာသက်ပန်ကုန်ကြမ်းကို လက်ဆောင်အဖြစ်ကိုယ်ပေးထားပြီးသားပဲလေ..။

ညရဲ့အလှကို ကိုယ်တို့ကော်ဖီနဲ့အတူထိုင်မြည်းကြသေးတယ်.....။ ကြယ်ရောင်နည်းတဲ့ညနဲ့ ခါးသက်သက်ကော်ဖီတစ်ခွက်နဲ့ ချိုမြတဲ့သူ့အပြုံးတို့ပေါင်းစပ်လိုက်တော့ အမှတ်ရစရာတွေက ကိုယ့်ရဲ့ဘယ်ဖက်အိတ်ကပ်ထဲမှာ ပိုပိုများလာတယ်......။ အရောင်ရင့်တဲ့ညရဲ့ အိမ်အပြန်လမ်းမှာ ပေါ့ပါးလန်းဆန်းလို့.... စွမ်းအားတွေရဲ့ တန်ခိုးကို မယုံကြည်ဘဲ မနေနိုင်တော့လောက်အောင်ပဲ......။

ဘာပဲဖြစ်ဖြစ် ....အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်..။


မိုးငွေ့

12 comments:

Candy said...

ကဗျာဆရာနဲ့ ဆုံတွေ့ခြင်းဆိုတော့ မမပျော်နေမှာပေါ့နော်
စာရေးကောင်းလို့လားမသိဘူး မမရေးသမျှက ကဗျာဆန်ပြီး အရမ်းလှတယ်။ မျက်လုံးထဲလည်း စီစီရီရီလေး ပေါ်လာတယ် :D

blackroze said...

အဆင်ပြေပါစေ မကြီးမိုးငွေ့

...အလင်းစက်များ said...

အချစ်နဲ့  ထုံမွှမ်းနေတယ်။ ဖတ်ရတာ မင်္ဂလာရှိလိုက်တာ။

စံပယ်ချို said...

အချစ်ရဲ့ စွမ်းအားနဲ့ တန်ခိုးတွေကို
မြင်တွေ့လိုက်ရတယ်
ချစ်တဲ့ jasmine

Han Kyi said...

ဦးဟန်ကြည်ကျတော့ ညရဲ့အလှကို ကော်ဖီနဲ့ မမြည်းရဲဘူး မိုးငွေ့ရေ...ကော်ဖီသောက်ရင် ရင်တုန်လို့ အိုဗာတင်းနဲ့ပဲ မြည်းရတယ်း)

အရေးလေးညက်ပါ့ဗျား...

မြတ်ပန်းနွယ် (Myat Pan Nwe) said...

မိုးငွေ့ရေ..

နှစ်သက်စွာ၊ ကြည်နူးမှုလေးတစ်မျိုးနဲ့ ဖတ်သွား၊ ခံစား သွားခဲ့တယ် နော် ။

ခင်တဲ့
မြတ်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ညနဲ့ကော်ဖီနဲ့ချစ်တဲ့သူ .....
ကံကောင်းလိုက်တဲ့ မယ်မိုးငွေ့...

ပန်းချီ said...

ကဗျာဆရာကို ပေးထားတဲ့လက်ဆောင်လေး သဘောကျတယ်..မး)) မမိုးထုံးစံအတိုင်း ကော်ဖီတစ်ခွက်နဲ့း)

အမ်တီအန် said...

ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ တွေ့ဆုံမှုလေး..။
နုညံ့သိမ်မွေ့တဲ့ အရေးအသားလေး..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြည်နူးစရာလေး
ဒီလိုညနေခင်းမျိုး ကော်ဖီနဲ့မြည်းချင်စမ်းပါဘိ
အားတွေတောင်ကျသွားရတယ်
တစ်ပုဒ်လုံး ဖတ်ရတာ တကယ်ကို ကြည်နူးစိတ်လေး ခံစားရတယ် မမိုးရေ..

San San Htun said...

ပို့ စ်လေးကလည်း ကဗျာရနံ့ တွေ ရတယ်..ချစ်သူနဲ့  ပျော်ရွှင်ပါစေ..

မောင်ဘုန်း said...

ဆုံတွေ့ မှု့ လေးကို ရေးဖွဲ့ ထားတာ .... အရမ်း လှတယ်ရော ... အရာရာ အဆင်ပြေပါစေ ဗျာ ...