
ကိုယ်တို့စတွေ့ကြတုန်းက နွေဦးပေါက် မရောက်တရောက်အချိန်တုန်းကပေါ့.....။
နွေဦးဆိုပေမယ့်လည်း ညနေခင်းလေညှင်းလေးကတော့အေးမြမြပါပဲ.....။ ချိုမြတဲ့သံစဉ်တေးသွားတွေ လေထဲက တဆင့်ဝေ့ကာဝိုက်ကာနဲ့ ကိုယ်တို့ရဲ့ လက်ဖက်ဝိုင်းဆီကို ပျံ့လွင့်လာတယ်.....။ ဘာလို့လဲမသိဘူး... အဲဒီသီချင်းအဆိုရှင်ရဲ့အသံကို ကိုယ်မမေ့နိုင်ခဲ့ဘူး...။ ပြီးတော့ ခေါင်းစဉ်မသိ ဘယ်သူဆိုထားမှန်းမသိတဲ့ သီချင်းကိုလည်း စွဲလန်းနေခဲ့မိတယ်....။ (အဲဒီသီချင်းလေးကိုလည်း ကိုယ်အသည်းအသန်ရှာနေမိတယ်... အချိန်တော်တော်ကြာတဲ့အထိမတွေ့ဘူး....။ နောက်တော့ သီချင်းလေးကကိုယ့် ကွန်ပျူတာထဲက ဖိုတာအထပ်ထပ်နဲ့သိမ်းထားတဲ့ အထဲမှာ ထူးထူးဆန်းဆန်းတစ်ပုဒ်တည်း သီးသန့်ရှိနေခဲ့တယ်.....။ ကိုယ့်မှာနေ့နေ့ညည အဲသီချင်းလေးကို မရိုးနိုင်အောင်နားထောင်တယ်......။ လေပြေနုနဲ့အတူသီဆိုခဲ့ဖူးတဲ့ အဲဒီညချမ်းက အဆိုရှင်ကို သတိရလွမ်းဆွတ်ရင်းနဲ့ပေါ့.....)
နောက်နေ့မနက်လင်းမှသာ ကိုယ်နှစ်သက်တဲ့အဆိုရှင်ဟာ မနေ့ညကမမြင်ဖူးလိုက်ပေမယ့် ဘယ်သူလဲဆိုတာ မနက်စာစားရင်းက ကိုယ်ခန့်မှန်းနိုင်ခဲ့တယ်.....။ ဒီလိုဆိုတော့လဲ ကိုယ့်ရဲ့မှန်းချက်က ဒက်ခနဲမှန်တာပဲလားလို့ ကိုယ့်ကိုယ်ကိုအထင်ကြီးမိတာထက်....ဖန်ဆင်းရှင်ရဲ့ လှည့်ကွက်တစ်ခုကြောင့်လို့ ကိုယ်ယုံကြည်မိတယ်...။ သောင်ပြင်ဖွေးဖွေးမှာ နေပူထဲတပင်တပန်းအလုပ်လုပ်နေတဲ့ ကလေးငယ်တွေ အမျိုးသမီးငယ်လေးတွေကို စာနာသနားစိတ်နဲ့ သူတို့ရောင်းတဲ့ ခရုတွေ ငါးတွေ ဂဏန်းတွေကို ဒိုင်ခံဝယ်နေချိန်မှာတော့ ကိုယ်အနောက်ယွန်းယွန်းဆီက အဖြူရောင်လေးလေထဲလွင့်ပါးနေတာကို သတိထားမိလိုက်တယ်.......။ နွေနေမှာ အုန်းရေရှိန်းမြမြကိုသောက်ရင်း ကိုယ့်လုပ်ရပ်တွေကို ထိုင်ကြည့်နေတာပါ....။
သူကတော့ ခုတလော ကိုယ့်ရဲ့ဘလော့မှာ နာမည်ကြီးနေတဲ့ ကိုယ့်ရဲ့ ဇာတ်လိုက်လေး(အိန်ဂျယ်) ပါပဲ......။ နောက်တစ်နေ့ဆို ကိုယ်တို့ပြန်ကြရတော့မှာ... သူတို့လည်းပြန်ကြမယ်... ဒါကြောင့် ကမ်းခြေရဲ့ ထုံးတမ်းစဉ်လာအတိုင်းမီးပုံပွဲလေး လုပ်ကြတယ်.....။ မီးပုံပွဲလေးကို (သူကိုယ်တိုင်လာခဲ့ပါနော်လို့ နှစ်ခါသုံးခါလာခေါ်တယ်) ဖိတ်ခေါ်ခံရပေမယ့် ကိုယ်မသွားခဲ့လိုက်ပါဘူး.....။ ဘာကြောင့်လဲဆိုတော့ ကိုယ်နဲ့သူက အရွယ်လည်းမတူဘူးလေ.... ပြီးတော့ခုမှစသိကြတဲ့ သူစိမ်းတွေ.... .ပြီးတော့ ကိုယ်ကမိန်းကလေးတစ်ယောက်.... အဲလိုတွေ စာနာထောက်ထား ငဲ့ကွက်စရာတွေနဲ့ပြည့်နှက်နေလို့ ကိုယ်မသွားခဲ့လိုက်ဘူး... ။ နောက်နေ့မနက် ပြန်ခါနီး မနက်စာစားပြီး lobby မှာ ကားထိုင်စောင့်ကြတော့မှ.... ကိုယ့်အဖွဲ့ထဲက အစ်မတစ်ယောက်ကို သူ့အီးမေးလ်တွေ ဖဘလိပ်စာတွေကို ပြောတော့ မှတ်ရတာလွယ်တဲ့ သူ့ဖဘလေးကို ကိုယ်မှတ်ထားလိုက်မိတယ်။
ကမ်းခြေ...ကမ်းခြေ
အလွမ်းတွေဝေခဲ့
အပန်းဖြေ အပန်းဖြေ
ချစ်တဲ့ အိန်ဂျယ်နဲ့
လမ်းတွေလမ်းတွေ
အတူလျှောက်ချင်ခဲ့
စိတ်ကူးတွေ စိတ်ကူးတွေ
နွေဦးနဲ့အတူပျော်ခဲ့
ခုတော့...
အလွမ်းတွေ အလွမ်းတွေ
ရစ်ခွေကျန်ခဲ့...။
ပြန်ရောက်တာနဲ့ ဖဘမှာ ပုံတွေတင်ပြီး သူ့လိပ်စာလေးကို ရှာကြည့်လိုက်တယ်...။ ပိုသေချာသွားတာကတော့ ကမ်းခြေကသူတို့ပုံတွေကို တင်ထားတော့ ကိုယ်ကစပြီးအက်လိုက်တယ်.....။ အဲဒီကစပြီး....ကိုယ်တို့ အွန်လိုင်းမှာစဆုံဖြစ်တယ်..... စကားတွေအများကြီးပြောဖြစ်တယ်...။ အစပိုင်းကလေးမှာပဲ ကိုယ်တို့ စကားပြောဖြစ်တာပါလေ....။ နောက်တော့ အိန်ဂျယ်ကစပြီး အဝေးကို ပျံသန်းသွားသူပါ......။ အိန်ဂျယ်ပျံသန်းရာနောက်ကို ကိုယ်လိုက်နိုင်ပိုင်စွမ်းမရှိပါဘူး...။ ကိုယ့်မှာ အတောင်ပံတစ်စုံမှမပိုင်ပဲလေ.......။ ဒီလိုနဲ့ အိန်ဂျယ်ဟာ အဝေးကိုထွက်သွားလိုက် ကိုယ့်ဆီခဏလာနှုတ်ဆက်လိုက်နဲ့ လပေါင်းများစွာ အလွမ်းပင်လယ်ထဲ ကိုယ်မျောလာခဲ့လိုက်တာ.... တစ်နေ့က သူကိုယ်ယောင်ထင်ပြတယ်......။ တစ်ရက်လောက်သီချင်း အတူသွားဆိုရအောင်တဲ့....။ ဘုရား!!!!!!!!!! ထူးထူးဆန်းဆန်းစကားတွေပါလား......။ အဲဒါလေးပြောနေတုန်းလိုင်းကျသွားတယ်.......။ ဒါနဲ့ ညဘက်ပြန်တွေ့ဖြစ်တယ်....။ သူကအိန်ဂျယ်ဆိုတော့ သူ့ကို ကိုယ်မမြင်ရပါဘူး.....။ ကိုယ်ယောင်ဖျောက်ထားတဲ့သူရှိမရှိကို ကိုယ့်နစ်မှာ ဒီလိုလေးတင်ထားလိုက်တယ်...။ “ဂီတာတစ်လက်ယူခဲ့ပါ အိန်ဂျယ် ကိုယ်တို့သီချင်းအတူတူဆိုရအောင်” လို့လေ..။ သိပ်မကြာဘူး သူလှမ်းပြောတယ်...။ “ကျွန်တော်မှ ဂီတာမတီးတတ်တာ သီချင်းတော့ ဆိုတတ်တယ်”တဲ့။ ကိုယ်လည်းပြန်ပြောလိုက်ပါတယ်...“ဒါဖြင့်လဲ မင်းဆိုပြမယ့်သီချင်းတွေကို ကိုယ်နားထောင်မှာပေါ့”လို့...။
ညဉ့်လဲနက်ပြီ ဆယ့်နှစ်နာရီထိုးဖို့ နှစ်မိနစ်ပဲလိုတော့တယ်.....။ နက်ဖြန်အလုပ်ဆင်းရဦးမယ်လေ.....။ ဒါလည်း အက်ဆေးတစ်ပုဒ်ဖြစ်သွားတာပဲလားလို့ ကိုယ့်ကိုမပြောပါနဲ့... ကုန်ကြမ်းယူတယ်လို့လဲ ကိုယ့်ကိုအထင်မလွဲပါနဲ့။ အိန်ဂျယ့်ကိုချစ်တဲ့စိတ်နဲ့ ကိုယ့်နှလုံးသားတွေ ကိုယ့်လက်အစုံတွေက သူ့အလိုလိုဖန်တီးဖြစ်ပေါ်လာခဲ့တာပါ...။
မိုးငွေ့
14 comments:
အိန်ဂျယ် ကို ဆက်လက်ချစ်နေနိုင်ပါစေဗျာ ....
အိန်ဂျယ်နှင့်အတူ နှစ်ပေါင်းများစွာ...................း))
ချစ်ခင်စွာဖြင့်
ကောင်းလိုက်တဲ့ ကဗျာလေးပဲ
ဒီကဗျာလေးဖတ်လိုက်ရတာ
ကျေးဇူးပါမိုးငွေ့ရေ
ချစ်တဲ့ jasmine
အိန်ဂျယ်နဲ့အမြန်ဆုံးဆုံစည်းပါစေရှင်..
ကမ်းခြေကနေ ကြည်နူးစရာ ဇာတ်လမ်းတစ်ပုဒ်ပါလာတယ်ပေါ့.....း)
ခင်တဲ့
မေသိမ့်
အိန်ဂျယ့် တောင်းဆုတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်...။
ဒါဖြင့် အိန်ဂျယ်က ပင်လယ်နတ်သားလေးပေါ့နော့....
ဟုတ်လားမမိုးရ.....။
ကဗျာလေးနဲ့အတူ ဇာတ်အိမ်လေးဖတ်သွားတယ် မိုးငွေ့ရေ။ ရင်တွင်းဆန္ဒများ အကောင်အထည်ဖော်နိုင်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တကယ် သီချင်းအတူတူ ဆိုဖြစ်သွားသလား
ပျော်ဖို့ကောင်းမှာနော်
အိန်ဂျယ်ဆိုတော့ သီချင်းလဲဆိုကောင်းမယ် ထင်ပါရဲ့။
အိန်ဂျယ်ဖန်ဆင်းတဲ့ ပျော်စရာရက်ကလေးများ ဖြစ်ပါစေ
အစ်မမိုးရေ....အိန်ဂျယ်တဲ့လား အဆင်ပြေပါစေဗျား :)
ခင်တဲ့(ဖိုးကြယ်)
နွေဦးလား။ သူနဲ့ကမ်းခြေမှာ ဆုံးခဲ့ဖူးတယ်။ သီချင်းတွေလည်း ကြားခဲ့ဖူးတယ်။ လွမ်းစရာပေါ့။ တစ်ကြိမ်တော့ပြန်ဆုံနိုင်မှာပါ။ မိုးငွေ့ရဲ့ အိမ်ဂျယ်နဲ့ ပြန်ဆုံပါစေ။
ခံစားချက်အစစ်တွေမို့ ထင်ပါရဲ့ :):)
ခံစားအားပေးလျှက်ပါလို့..
အိန်ဂျယ်နဲ့ အမြန်ဆုံးနီးစပ်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ် အစ်မ...
ဒါဆိုအိန်ဂျယ်က ပင်လယ်ထဲမှာပေါ့လေ..
အမြန်ဆုံဆည်းနိုင်ပါစေ နော်
ခင်တဲ့
မဒိုးကန်
Post a Comment